မိခင်များဆီသို့ -၂၀

မိခင်၏ မွေးလမ်းကြောင်းမှာ Lactobacillus လို့ခေါ်တဲ့ အကျိုးပြုပိုးများ နေပါတယ်။ သဘာဝအတိုင်း မွေးဖွားတဲ့အခါ မိခင်ရဲ့ မွေးလမ်းကြောင်းမှာရှိတဲ့ ပရိုဘိုင်အိုတစ် ( probiotics ) ပါတဲ့ အရည်များကို သောက်မိခြင်း၊ထိမိခြင်းဖြင့် မိခင်ဆီမှ ပရိုဘိုင်အိုတစ်များရရှိပါတယ်။ ပရိုဘိုင်အိုတစ်တွေက မွေးဖွားလာတဲ့ ကလေးမှာရှိတဲ့ သွေးဖြူဥ တို့ရဲ့ ရောဂါကာကွယ်သော လုပ်ငန်းကို တိုးတက်စေပြီး ခုခံအားစနစ်ကို တိုးတက်ပြည်စုံရင့်ကျက်သွားစေပါတယ်။ ဒါကြောင့် မိခင်ကကျန်းမာတယ်ဆိုလျှင် သဘာဝအားဖြင့်မွေးဖွားခြင်းသည် ကလေးတစ်ယောက် ကျန်းမာဖို့ အကောင်းဆုံးနည်းဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့နှစ်ပိုင်းလောက်ကမိခင်တော်တော်များများက ခွဲပြီး ကလေးမွေးကြပါတယ်။ တစ်ချို့က OG နှင့် မွေးချင်လို့ပါ။ တစ်ချို့က ဗေဒင်ဆရာညွှန်ကြားလို့ နေ့ကောင်း၊ရက်သာရွေးပြီးခွဲမွေးကြတာပါ။ မွေးလူနာမိသားစုမှ တောင်းဆိုလာလျှင် ဆရာဝန်အနေနှင့် ခွဲမွေးပေးရတဲ့အခါ မိခင်အများစုက ရိုးရိုးမွေးတာထက် ခွဲမွေးတာကို အားသန်လာကြပါတယ်။ ခွဲမွေးခြင်းဖြင့် မွေးစကလေးကြုံရတဲ့ ပတ်ဝန်းကျင်သည် ဆေးရုံခွဲခန်းကဲ့သို ရောဂါပိုးထောင်ချီနေသော ပတ်ဝန်းကျင်၊မိခင်၏ အရေပြား၊ဆရာဝန်၊သူနာပြုများ နှင့် ဆေးရုံဝန်ထမ်းများ၏ ကိုယ်မှပိုးမွှားများနှင့် ရှေးဦးစွာထိတွေ့ရတာကြောင့် ထိုကလေးရဲ့ ခုခံအားစနစ်သည် ကောင်းမွန်ဖို့ခက်ခဲလှပါတယ်။ ခွဲမွေးထားသောကလေးများသည် ပန်းနာရင်ကြပ်၊ဓာတ်မတည့်ခြင်း နှင့် အဝလွန်ခြင်းတို့ အဖြစ်များပါတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ မိခင်အနေနှင့်လည်း မေ့ဆေး၊ ထုံဆေးများရဲ့ ဆိုးကျိုးကိုခံစားရနိုင်ပါတယ်။

ဒါပေမည့် အားလုံးသော မွေးလူနာများကို သဘာဝအတိုင်းမွေးလို့တော့မရပါ။ တစ်ချို့အခြေအနေမှာ ခွဲမွေးဖို့လိုပါတယ်။ ခွဲမွေးဖွားခြင်းကို ကလေးဆုံပိုင်းဖြစ်ခြင်း၊ အချင်းရှေ့ရောက်ခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ကလေးရေမွန်းခြင်း၊သားအိမ်တွင် အနာရွတ်ရှိခြင်းအစရှိသည့် မိခင်နှင့်ကလေး အသက်အန္တရာယ်ရှိသော အခြေအနေများတွင်ပြုလုပ်ရပါလိမ့်မည်။ ရိုးရိုးမွေးတာ ကျန်းမာရေးရှုထောင့်က ကြည့်လျှင်ကောင်းပေမည့် လိုအပ်တဲ့အခြေအနေမှာ ခွဲမွေးရပါလိမ့်မည်။ ရိုးရိုးမွေးလို့ အဆင်ပြေလျှင်တော့ သဘာဝအတိုင်းမွေးတာပိုကောင်းတယ်လို့ဆိုပါတယ်။မမွေးခင်လည်း အစာလမ်းကြောင်း နှင့် အူလမ်းကြောင်းမှာ အကျိုးပြုပိုးတွေ ကောင်းစွာအခြေချနိုင်ဖို့ ပြင်ထားဖို့လိုပါတယ်။ 

အနောက်နိုင်ငံမှာ ဆရာဝန်များက ကလေးကို ခွဲမမွေးခင် မိခင်ရဲ့ မွေးလမ်းကြောင်းကို ဂွမ်းစကြိုထည့်ထားပြီး မွေးဖွားလာသောကလေးကို ထိုဂွမ်းစနှင့် မျက်နှာ၊ပါးစပ် နှင့် ခေါင်းအစ ခြေအဆုံးနေရာအနှံပွတ်ပေးကြပါတယ်။ထိုကလေးရဲ့ ကျန်းမာရေးအခြေအနေက သဘာဝအတိုင်းမွေးတဲ့ ကလေးကဲ့သို့ ကောင်းမွန်တယ်လို့ တွေ့ရပါတယ်။ နည်းလမ်းက စမ်းသပ်ဆဲကာလဖြစ်ပြီး တရားဝင်လက်တွေ့သုံးဖို့ ၁၀ နှစ်လောက်ကြာပါအုန်းမည်။ သိသူတွေကတော့ ပရိုဘိုင်အိုတစ်ရဲ့ အကျိုးကို လက်တွေ့အသုံးချနေကြပါပြီ။ ဒါပေမယ့် မြန်မာပြည်မှာတော့ ဒီအကြောင်းတွေပြောပြအကြံပေးလည်း သံသယနှင့် ကြည့်နေရဆဲပါ။

Reference

Gut Crisis by Robert Keith Wallace,PhD and Samantha Wallace

One thought on “မိခင်များဆီသို့ -၂၀”

  1. ဒေါက်တာခင်ဗျား။
    မွေးလူနာက ခွဲပြီးမွေးချင်တာအပြင် အိုဂျီတွေကလဲ ခွဲမွေးဖို့ ဘဲအားပေးနေတာ၊ရိုးရိုးမွေးမယ်ပြောတော့မျက်နှာပျက်သွားတာ အမှန်ဖြစ်ပျက်နေတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest