Dr. Axe ပြောပြတဲ့ အူလမ်းကြောင်း အမျိုးမျိုး

Functional medicine ဆရာဝန် Dr. Josh Axe  က ရှေးဟာင်းတရုတ်ဆေးပညာကို အခြေခံပြီး Leaky gut syndrome လို့ခေါ်တဲ့  အူလမ်းကြောင်းရောဂါတွေ ကို နမူနာပုံစံ ၅ ခုခွဲပြီး ဘယ်လိုကုသရမလဲဆိုတာ သူရဲ့ ( Eat Dirt: Why Leaky Gut May Be the Root Cause of Your Health Problems and 5 Surprising Steps to Cure It  ) စာအုပ်မှာရေးပါတယ်။ ဒေါက်တာပြောတဲ့ အူလမ်းကြောင်း ပုံစံတွေ က Candida gut, stressed gut, Immune gut, Gastric gut, နှင့် Toxic gut ပါ။ သူစာအုပ်ကိုreference ယူပြီး အခြားဗဟုသုတတွေ နှင့် ပေါင်းပြီးရေးပေးတာပါ။

Candida gut

Candida gut က candida ဆိုတဲ့ မှိုတစ်မျိုးကြောင့်ဖြစ်တာပါ။ Candida မှိုကူးစက်မှုက ပါးစပ်၊ အူလမ်းကြောင်း နှင့် မိန်းမကိုယ်မှာ အဓိကဖြစ်ပါတယ်။ တစ်ခါတစ်ရံ အရေပြားမှာလည်းဖြစ်ပါတယ်။ 

Candida gut က ရှေးဟောင်းတရုတ်ဆေးပညာမှာတော့ မြေဓာတ်၊ မီးဓာတ်နဲ့ ဆိုင်ပြီး စွတ်စိုမှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အူလမ်းကြောင်းရဲ့ စိုထိုင်းမှုက candida မှိုကို ပေါက်ပွားစေတယ်လို့ပြောပါတယ်။ လျှာပေါ်မှာ အဖြူကွက်များရှိခြင်း၊ နှာစေးခြင်း နှင့် ချောင်းဆိုးသလိပ်ပါခြင်းက candida gut ရဲ့ ထူးခြားချက်ပါ။ လူနာက အဝလွန်တတ်တယ်။ ဇီဝလုပ်ငန်း နှေးနေတတ်ပြီး ဝမ်းလျောတတ်တယ်။ အချို၊ ဂျုံ နှင့် နိုထွက်ပစ္စည်းတွေက ရောဂါကို ပိုဆိုးစေတတ်တယ်။အအေးစာ နှင့် စွတ်စိုတဲ့ ရာသီဥတုက ရောဂါကို ပိုဆိုးစေတယ်။ ရှေးလူးကြီးတွေ ပြောတဲ့ ခြေအေးဝမ်းရောင်ဆိုတဲ့ ရောဂါပါ။ 

ပိုးသတ်ဆေး ကြာကြာသောက်တတ်သူ၊ ကိုယ်ဝန်တားဆေးသောက်နေသူ၊တွေမှာ သကြားအများကြီးပါတဲ့ အစာတွေ စားလျှင် ဖြစ်တတ်တယ်။ ဆီးချိုသမားတွေက သွေးတွင်းသကြားဓာတ်မြင့်နေတတ်သူတွေ ဖြစ်တာကြောင့် candida gut ဖြစ်နိုင်ခြေများပါတယ်။ ကင်ဆာဆေးသောက်နေသူတွေ နှင့် အဆိုးမြင်စိတ်ရှိသူတွေမှာလည်း candida gut ဖြစ်ပါတယ်။ 

အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခြင်း၊ အစာဓာတ်မတည့်တာတွေ ဖြစ်လာခြင်း၊ အချိုကြိုက်လာခြင်း၊ ခံတွင်းနံနံခြင်း၊ လျှာပေါ်မှာ ဖြူနေခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဟိုမုန်းမူမမှန်ခြင်း၊ အဆစ်အမြစ်နာခြင်း၊ လိင်စိတ်ကျဆင်းခြင်း၊ အကြာကြီး နှာပိတ်ခြင်း ၊ လေပွခြင်း၊ နှင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းတွေ ဖြစ်တတ်ပါတယ်။

Candida မှို ပေါကက်ပွားစေတဲ့ အချိုများတဲ့ အစားအစာ၊ ဂျုံ နှင့် နို့ထွက်ပစ္စည်းတွေ ရှောင်ပါ။ Caffeine က candida gut ကို ပိုဆိုးစေပြီး ဘီယာက သကြားဖြစ်တာကြောင့် candida မှိုကို ကြီးထွားစေပါတယ်။

ခါးတဲ့အစာတွေပိုစားပေးပါ။ ဟင်းရွက်ပြုတ်နွေးနွေး နှင့် အသားပြုတ်နွေးနွေးစားပေးပါ။ ရေခဲရေ သောက်တာရှောင်ပါ။ အချဉ်ဖောက်ထားတာ စားပါ။ နွယ်ချို နှင့် လုပ်ထားတဲ့ ရေနွေးသောက်လို့ရပါတယ်။ Probiotics သောက်ပေးပါ။ Selenium နှင့်  ကြက်သွန်ဖြူ က candida gut အတွက်ကောင်းပါတယ်။ အကောင်းမြင်စိတ်ထားပါ။ 

Stressed Gut

Stress ဆိုတာ ဖိစီးမှု၊ ကြောင့်ကြစိတ်၊ ပူပန်မှု ကို ပြောတာပါ။ Stress ကြောင့် ခန္ဓာကိုယ်ရဲ့ ကျောက်ကပ်၊ ကျောက်ကပ်အပေါ်မှာ ရှိတဲ့ adrenal gland နှင့် သိုင်းရွိုက်ဂရင်းများ ထိခိုက်နိုင်တဲ့အပြင် အူလမ်းကြောင်းမှာရှိတဲ့ probiotics တွေ လျော့နည်းသွားပြီး အူနံရံ ယိုစိမ့်မှု ( leaky gut ) လည်းဖြစ်နိုင်ပါတယ်။

Stressed gut ဖြစ်လာတဲ့အခါ အစာအဟာရ စုပ်ယူမှု နည်းသွားတတ်တယ်။ အူလမ်းကြောင်းကို အောက်ဆီဂျင် ပို့ဆောင်မှု လေးဆလောက် ကျဆင်းသွားတတ်တယ်။ အစာခြေ အင်ဇိုင်း အဆ နှစ်သောင်းလောက် နည်းသွားတတ်တယ်။

Stress ကို ခံစားရတဲ့အခါ adrenal glands က ဟိုမုန်းတွေထုတ်ပြီး ခန္ဓာကိုယ်ကို ကာကွယ်ဖို့ ကြိုးစားပါတယ်။ မဆုံးနိုင်သော stress တွေခံစားရတဲ့အခါ adrenal gland က သူလုပ်နေတဲ့ အလုပ်ကို ကောင်းကောင်းမလုပ်နိုင်တော့ပဲ adrenal fatigue ဝင်လာပါတယ်။ Adrenal fatigue ရဲ့ လက္ခဏာတွေက မနက်စောစော အိပ်ယာမထနိုင်ခြင်း၊ ညကောင်းကောင်းမအိပ်နိုင်ခြင်း၊ လိင်စိတ်လျော့နည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အရိုးနှင့် ကြွက်သား အားနည်းခြင်း၊ မောပန်းခြင်း၊ အချိုကြိုက်လာခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်း၊ အဝလွန်ခြင်းတွေပါ။ Stressed gut ခံစားနေရသူတွေမှာ leaky gut ကြောင့် adrenal fatigue နှင့်အတူ အော်တိုအင်မြူး သိုင်းရွိုက်ရောဂါပါ တွဲဖြစ်တတ်ပါတယ်။ 

Stress လို့ ပြောတဲ့ နေရာမှာ တစ်ချို့က စိတ်ဖိစီးမှုကိုပဲမြင်တတ်တယ်။ စိတ်ဖိစီးမှုသာမက အရက် နှင့် ကော်ဖီတွေကလည်း stressed gut ဖြစ်နိုင်တဲ့ အကြောင်းတွေပါ။ ကော်ဖီမှာ ပါတဲ့ ကဖင်းက အိပ်ပျော်ဖို့ခက်စေပါတယ်။ အိပ်မပျော်တဲ့အခါ adrenal gland အားပြန်ပြည့်ဖို့ ခက်ပါတယ်။ အရက်သောက်ခြင်း နှင့် သကြားအလွန်အကျွံစားခြင်းကလည်း hyperglycemic stress ဖြစ်ပေါ်စေပြီး အူလမ်းကြောင်းက အစာခြေစနစ်ကို နှောက်ယှက်ပါတယ်။ 

Stressed gut ရဲ့ ကုသမှုမှာ အဓိကကတော့ စိတ်ငြိမ်ဖို့၊ ကြောင့်ကြစိတ်နည်းဖို့ပါ။ ဒါကြောင့် တရားထိုင်ပါ။ ယောဂကျင့်ပါ။ ပျော်ပျော်နေပါ။ အကောင်းမြင်စိတ်မွေးပါ။ ထို့ပြင် ကော်ဖီရှောင်ပြီး ကော်ဖီအစားထိုး နွယ်ချိုလက်ဖက်ရည်၊ ဂျင်းဆင်း လက်ဖက်ရည်တွေသောက်လို့ရပါတယ်။ အရက်သောက်တာလျော့ပါ။ တစ်ပတ် ၂ ခွက်ထက် မပိုပါစေနဲ့။ အချိုများတာတွေ ရှောင်ပါ။

ခရမ်းရောင် သို့မဟုတ် အနက်ရောင်ရှိတဲ့ ဘလူးဘယ်ရီ၊ ခရမ်းသီး၊ ခရမ်းရောင် ဂေါ်ဖီ စသည့် အသီးအရွက်တွေက stressed gut အတွက်ကောင်းပါတယ်။ သူ့မှာပါတဲ့ anthocyanin က အူလမ်းကြောင်းရောင်ရမ်းခြင်းကို ပျောက်ကင်းစေတယ်။

 ဗိုက်တာမင် B က စိတ်ကို ငြိမ်သက်စေလို့ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေစားပါ။ အရိုးပြုတ်ရည်က သိုင်းရွိုက် နှင့် leaky gut အတွက်ကောင်းပါတယ်။ ကယ်လစီယမ် နှင့် မက်ဂနီဆီယမ်ပါတဲ့ အစာတွေလည်း စားပေးပါ။ Omega 3 က ရောင်ရမ်းခြင်းကို သက်သာစေပြီး adrenal gland ကို အကျိုးပြုလို့  အဆီများတဲ့ ငါးစားပေးပါ။ Selenium ပါတဲ့ အစားအသောက်က သိုင်းရွိုက်ရောဂါအတွက်ကောင်းပါတယ်။ leaky gut အတွက် probiotics နှင့် L glutamine သောက်ပေးပါ။ ဒါဆို stress ကြောင့် ဖြစ်တဲ့ အူလမ်းကြောင်းရောဂါ သက်သာပါလိမ့်မည်

Immune Gut

Immune gut ကို နားလည်ဖို့ ဝေါဟာရသုံးခုကို သိဖို့လိုပါတယ်။

( ၁ ) Food allergies – ချက်ချင်းဖြစ်ပြီး ပြင်းထန်တဲ့ Ig E antibodies  နှင့် ဆက်နွယ်တဲ့ အစာ နှင့် ဓာတ်မတည့်တာပါ။

( ၂ ) Food sensitivity – ဓာတ်မတည့်တာ ပြဖို့ အချိန်ယူရပါတယ်။ သိပ်လည်းမပြင်းထန်တဲ့ Ig G antibodies  နှင့် ဆက်နွယ်တဲ့ အစာ နှင့် ဓာတ်မတည့်တာပါ။

( ၃ ) Food intorlerances – အစာမခြေနိုင်လို့၊ အစာခြေဖို့ အင်ဇိုင်းမရှိလို့ ဖြစ်တဲ့ လက္ခဏာပါ။

Immune gut မှာ အပေါ်က သုံးချက်လုံးဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်တာက တစ်ခါတစ်ရံ ချက်ချင်းဖြစ်ပေမည့် တစ်ခါတစ်ခါ နှစ်ရက်လောက်ကြာတတ်ပါတယ်။ မြေပဲစားပြီး ခန္ဓာကိုယ်မှာ ဓာတ်မတည့်တာက ချက်ချင်းပေါ်တတ်ပေမည့် တစ်ခါတစ်ခါ ကြက်ဥအကာစားပြီး နှစ်ရက်လောက်မှ ကိုယ်လက်နာတာ တွေ့ဖူးပါတယ်။ ဒါတွေက immune gut ရဲ့ လက္ခဏာတွေပါ။ 

အစာတွေ ကောင်းစွာမကြေညက်လို့ မကြေညက်တဲ့အစာက အူလမ်းကြောင်းကို ဒုက္ခပေးတာပါ။ အူလမ်းကြောင်းရောင်ရမ်းလို့ဖြစ်တဲ့ ulcerative colitis, Crohn’s disease နှင့် IBS ရောဂါတွေက immune gut ကြောင့် ဖြစ်တာလို့ Dr. Axe က ရေးပါတယ်။ တရုတ်ဆေးပညာအရ immune gut က သတ္ထုဓာတ်နဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။

Immune gut ကို ကုဖို့ ကိုယ်နှင့်မတည့်တဲ့အစာတွေကို သိဖို့လိုပါတယ်။ မတည့်တဲ့ အစာတွေကို မှတ်တမ်းရေးတာ immune gut ကုရာမှာ အတော်ခရီးပေါက်ပါတယ်။ အစပိုင်းမှာ immune gut ဖြစ်စေတယ်လို့ ယူဆရတဲ့ နို့၊ ကြက်ဥအကာ၊ ဂျုံ၊ အစေ့အဆန်၊ ဂလူတန်၊ မြေပဲ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ သကြား နှင့် အရက်တွေကို အနည်းဆုံးလေးပတ်မစားပဲနေပါ။ ဒါကို elimation diet လို့ခေါ်ပါတယ်။

နောက်ပိုင်း ထိုအစာတွေကို တစ်မျိုးစီ စားကြည့်ပြီး စားပြီးတဲ့အခါ ခေါင်းကိုက်ခြင်း၊ အရေပြားယားယံခြင်း၊ စိတ်ရှုပ်ထွေးခြင်းရှိမရှိ တစ်ရက်၊ နှစ်ရက်လောက်စောင့်ကြည့်ပါ။ ရှိနေလျှင် စားတဲ့အစာ နှင့်မတည့်လို့ပါ။ ဒါဆို မတည့်တာကို မှတ်ထားပြီး ရှောင်ပါ။ပြီးလျှင် နောက်တစ်မျိုးပြောင်းပြီး စမ်းသပ်စားကြည့်ပါ။ ဒါဆို ကိုယ် နှင့် မတည့်တဲ့ အစားအစာကို သိသွားပါလိမ့်မည်။ ဓာတ်မတည့်တဲ့ လက္ခဏာ နည်းနည်းရှိလျှင်တောင် မတည့်တဲ့အစာကို သိပ်ကြိုက်လို့ဆက်စားတာမျိုး မလုပ်မိဖို့လိုပါတယ်။ သကြား နှင့် အရက်ကတော့ အူလမ်းကြောင်း ရောင်ရမ်းစေလို့ ရှောင်ပါ။ 

ငွေကြေးလည်းတတ်နိုင်မည်။စစ်ဖို့လည်းအဆင်ပြေမည်ဆို ဘယ်အစာတွေ နှင့် မတည့်တာလဲဆိုတာ သိဖို့ food allergen တွေစစ်လို့ရပါတယ်။ Ig G test လို့ ခေါ်မည်ထင်ပါတယ်။ ဈေးတော့ ကြီးပါလိမ့်မည်။

Immune gut မှာ အဓိက စားရမှာ အရိုးပြုတ်ရည်ပါ။ အမဲရိုး နှင့် ကြက်ရိုးက အတော်ကောင်းပါတယ်။ ဟင်းရွက်တွေကို အစိမ်းစားတာထက် ပြုတ်စားဖို့လိုပါတယ်။ ပိုးသတ်ဆေး သောက်တာရှောင်ပါ။ Probiotics ကြွယ်ဝစွာပါတဲ့ အစာတွေစားပါ။ Probiotics supplement မှန်မှန်သောက်ပေးဖို့လည်းလိုပါတယ်။ အစာမကြေနိုင်လို့ အစာခြေ အင်ဇိုင်းသောက်ပေးဖို့လည်း လိုပါတယ်။ L glutamine ကလည်း immune gut ကုတဲ့နေရာမှာကောင်းပါတယ်။ ကောင်းမွန်တဲ့ အဆီတွေကလည်း အူလမ်းကြောင်းရောင်ရမ်းတာအတွက် ကောင်းပါတယ်။

စိတ်မလုံခြုံမှု၊ ဝမ်းနည်းပူဆွေးမှု နှင့် မိမိကိုယ်ကို မယုံကြည်မှုက immune gut နှင့် ဆက်နွယ်နေတဲ့ စိတ်အခြေအနေပါ။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ သူငယ်ချင်းတွေ နှင့် စကားပြောတာလုပ်ပေးပါ။ ဒေါက်တာ Axe က တော့ immune gut က ကုသပျောက်ကင်းနိုင်တယ်ပြောပါတယ်။ ကျွန်တော်လည်း IBS ကိုသက်သာပျောက်ကင်းဖူးလို့ Dr. Axe ပြောတာ မှန်တယ်လို့ ယုံကြည်ပါတယ်။

Gastric Gut

အဟာရပြည့်တာစားပါတယ်။ ကျန်းမာရေး နှင့် ညီညွတ်တာ စားပါတယ်ဆိုပေမည့် စားပြီးသိပ်မကြာဘူး ဗိုက်ကြီးတင်းလာတယ်။ ရင်ပူလာတယ်။ ချဉ်စူးစူးတွေ အန်ချင်အန်မည်။ အရည်ခါးခါးတွေ အန်ချင်အန်မည်။ ဒီလို လက္ခဏာတွေက gastric gut ကြောင့်ပါလို့ ဒေါက်တာ Axe က ခေါင်းစဉ်တပ်ပါတယ်။ ကျွန်တော်တို့ သိခဲ့တာက ဒါကို acid reflux လို့ ခေါ်ပါတယ်။ Acid reflux ကို မကုပဲထားလျှင် နောက်ဆုံး အစာရေမျိုကင်ဆာ အထိဖြစ်နိုင်ပါတယ်။

Gastric gut ဖြစ်နိုင်တဲ့အကြောင်းတွေ အများကြီးရှိပါတယ်။ အခု လက်ခံနေတဲ့ ကျန်းမာရေးအယူအဆနဲ့ မတူတာက သူတို့ပြောတာ acid reflux ဖြစ်တာ အစာအိမ်အက်ဆစ်နည်းလို့ပါတဲ့။ ဒေါက်တာ Jonathan V. Wright ရေးတဲ့ Why Stomach Acid is Good For You စာအုပ်ကို ဆရာဝန်တွေ ဖတ်လျှင် ငြင်းစရာတွေတော့ တပုံတပင် ထွက်လာမှာပါ။

အစာအိမ် အက်ဆစ်နည်းပြီး အစာခြေစနစ်နှေးတာ၊ antacid တွေသောက်နေတာ၊ အစာကို ကောင်းကောင်းမဝါးတာ၊ အစာအများကြီးစားတာ၊ စိတ်ဖိစီးမှုများတာတွေက Gastric gut ဖြစ်နိုင်တဲ့ အကြောင်းတွေပါ။ အတူတွဲလုပ်ရတဲ့ လုပ်ငန်းမှာ တစ်စုံတစ်ယောက်က သူ့တာဝန်ကို ကျေအောင် မလုပ်နိုင်လျှင် အခြားတစ်ယောက် အလုပ်ပိုရသလို ပါးစပ် အစာကို ကြေညက်အောင် မဝါးတဲ့အခါ မကျေတဲ့ အစာတွေက အစာအိမ်ကို ဝန်ပိစေပါတယ်။ အစာအိမ် ဝန်ပိတဲ့အခါ အူလမ်းကြောင်းလည်း အလုပ်ပိုစေပါတယ်။

ဒါကြောင့် အစာတစ်လုတ်စားတိုင်း အကြိမ်သုံးဆယ်လောက်ဝါးဖို့၊ စားတဲ့ အစာကို အာရုံစိုက်ဖို့ ဒေါက်တာ Axe က အကြံပေးပါတယ်။ ကျွန်တော်သိသလောက်တော့ အစာကို ကြေညက်အောင်ဝါးဖို့ ဗုဒ္ဓက အရင်ဟောခဲ့တယ်ထင်ပါတယ်။

နောက်တစ်ချက်က အစာကို အများကြီးစားတာပါ။ ဒါဆိုလည်း အစာအိမ်ကို ဝန်ပိစေပြီး acid reflux ပေါ်လာစေပါတယ်။ ကျွန်တော်ဖတ်တဲ့ စာအုပ်မှာတော့ အစာကို နည်းနည်း နည်းနည်း အကြိမ်များများခွဲစားဖို့ပြောပါတယ်။ Gastric gut သမားတွေက ည ၇ နာရီခွဲနောက်ပိုင်း ဘာမှ မစားသင့်ဘူးဆိုပါတယ်။

အစာအိမ် အက်ဆစ်နည်းတဲ့ အခါ စားတဲ့ အစာတွေ မကြေညက်နိုင်သလို အစာထဲမှာ ပါတဲ့ ရောဂါပိုးတွေကို မသတ်နိုင်ပါ။ ဒါဆို အူလမ်းကြောင်းကို ဝန်ပိပြီး leaky gut ကို ဖြစ်စေပါတယ်။( leaky gut အကြောင်းကိုလည်း ကျွန်တော်ရဲ့ ပထမစာအုပ်ဖြစ်တဲ့ နဂါးမင်းစာပေက ထုတ်ဝေတဲ့ ကျွန်တော်ရေးသော ကျန်းမာရေး စာစုများမှာ ဖော်ပြပြီးဖြစ်ပါတယ်။ ) Leaky gut ဖြစ်လာတဲ့ အခါ ကျန်းမာရေးတော့ အတော်ဆိုးသွားတတ်ပါတယ်။ အစာအိမ်အက်ဆစ် နည်းတဲ့အခါ နောက်တစ်ခု ဖြစ်နိုင်တာက အစာအိမ် နှင့် အူလမ်းကြောင်းက ပိုးတွေ မျှခြေပျက်သွားတာပါ။ ဒါကို SIBO လို့ ခေါ်ပါတယ်။ ဒီစာအုပ်မှာ ပါပါတယ်။ 

ရှေးဟောင်းတရုတ်ဆေးပညာမှာတော့ gastric gut က မီးဓာတ်၊ မြေဓာတ် နှင့်ဆိုင်တယ် ပြောပါတယ်။ ဒေါက်တာ Axe က တော့ gastric gut သမားတွေက အစာစားတဲ့အခါ နည်းနည်း နည်းနည်း နှင့် အကြိမ်များများစားဖို့၊ စားတဲ့ အခါ ကျေညက်အောင်ဝါးဖို့၊ အစာမစားခင် အစာချေနိုင်ဖို့ အစာအိမ်အက်ဆစ်အားကောင်းအောင် ပန်းသီရှာလကာရည် သို့မဟုတ် သံပုရာရည် သောက်ပေးဖို့ အကြံပေးပါတယ်။

ဆီကြော်အစားအစာတွေက အစာကြေဖို့ ခက်လို့ ရှောင်ရပါမည်။ Gluten ပါတာတွေ စပ်တဲ့ အရသာရှိတဲ့ အစာတွေလည်း ရှောင်ရပါမည်။ စီးပွားရေးဖြစ် ရောင်းတဲ့ ဒိန်ချဉ်တွေ၊ ခရမ်းချဉ်သီး၊ ချိပ်စ်၊နှင့် အရက်တွေက အစာအိမ်ကို ဒဏ်ဖြစ်စေလို့ ရှောင်ပါ။

လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေက အဟာရတွေ နှင့် အင်ဇိုင်းတွေပါလို့ အစာချေရမှာ အထောက်အကူပြုပါတယ်။ ခါးသက်သော အရသာရှိတဲ့ အစားအစာတွေက gastric gut အတွက်ကောင်းပါတယ်။ သတိထားရမှာက အသီးအရွက်တွေ ကောင်းတယ်ဆိုပေမည့် စိတ်ဖိစီးမှုများတဲ့ အချိန်မှာ အစာခြေလုပ်ငန်း ကောင်းကောင်း အလုပ်မလုပ်လို့ စိတ်ဖိစီးချိန်မှာ အရွက်လျော့စားပါ။ Gastric gut ဖြစ်နေတဲ့ သူက စားနေရင်း ရေသောက်တာ ရှောင်ရပါမည်။

Supplement ဘက် အားသန်တဲ့ သူတွေကအစာမစားခင် အစာခြေ အင်ဇိုင်းသောက်ပေးလို့ ရပါတယ်။ အစာခြေစနစ် ကောင်းမွန်ဖို့ probiotics သောက်ပေးလို့ရပါတယ်။ အစာအိမ်အတွက် ကောင်းတဲ့ မနူကာပျားရည်သောက်ဖို့ လည်း အကြံပေးလိုပါတယ်။ Leaky gut ကို လည်း ကုစေချင်ပါတယ်။စိတ်ဖိစီးမှု လျော့ကျအောင် တရားထိုင်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ယောဂကစားပါ။

Toxic Gut

လူအစာခြေ အဖွဲ့အစည်း ကို ပါးစပ်က စပါတယ်။ ပါးစပ်ကနေ အစာရေမျို၊ အစာရေမျိုကနေ အစာအိမ်၊ အစာအိမ်ကနေ အူလမ်းကြောင်း အဆင့်ဆင့်သွားပြီး စအိုမှာ အဆုံးသတ်တယ်။ အစာခြေ အဖွဲ့အစည်းကို ကူညီပေးရတာ အသည်း နှင့် သည်းခြေ အိတ် ပါ။ သုံးယောက် အတူတူ အလုပ်တစ်ခုခုကို တွဲလုပ်တယ်။ တစ်ယောက်က ကောင်းကောင်း မလုပ်နိုင်ဘူးဆိုလျှင် အလုပ်တွေ ကမောက်ကမ ဖြစ်ကုန်တယ်။ နှစ်ယောက်လောက် ကောင်းကောင်း မလုပ်တော့ဘူးဆိုလျှင် လုပ်နေတဲ့ လုပ်ငန်းက ပျက်ဆီးသွားတတ်တယ်။ Toxic Gut မှာ အဓိက ရောဂါဖြစ်တာ အသည်း နှင့် သည်းခြေအိတ်ပါ။ အသည်း နှင့် သည်းခြေအိတ် ရောဂါဖြစ်တဲ့အခါ အူလမ်းကြောင်းတစ်လျှေက် ဆိုးကျိုးသက်ရောက်သွားပြီး အစာခြေစနစ် တစ်ခုလုံး ကမောက်ကမ ဖြစ်ပြီး လူတွေမှာ နာတာရည်ရောဂါတွေရလာတာပါ။

ဘယ်လိုလူတွေမှာ ဖြစ်တာလည်းဆိုတော့ မကောင်းတဲ့ အဆီကို များများစားပြီး အမျှင်ကို လုံလောက်အောင် မစားတဲ့ လူတွေမှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေပါတဲ့ လူ့အသုံးအဆောင်တွေကြောင့်လည်း ဖြစ်ပါတယ်။ ပြုပြင်ထားတဲ့ အစာကို စားတဲ့သူတွေမှာ အသည်းကို အဆိပ်သင့်နိုင်တဲ့ ပစ္စည်းတွေပါပြီး toxic gut ကို ဖြစ်စေပါတယ်။

အသည်း ဆိုတာ ခန္ဓာကိုယ်မှာ ဒုတိယ အကြီးဆုံး အစိတ်အပိုင်းပါ။ သွေးထဲက အန္တရာယ်ရှိတဲ့ အဆီ နှင့် အဆိပ်ကို စစ်ယူပေးတယ်။ သည်းခြေရည် ဆိုတဲ့ အရေးကြီးဆုံး အစာခြေ ပစ္စည်းကို ထုတ်ပေးတယ်။ ဗိုက်တာမင် နှင့် သတ္ထုဓာတ်တော်တော်များများကို သိုလှောင်ထားတယ်။ မကောင်းတဲ့ အဆီစားတာများလို့ အသည်းက ဝန်ပိလာပြီဆိုလျှင် သူ့နှင့် မိတ်ဆွေ ဖြစ်တဲ့ သည်းခြေအိတ် ပါ အဆစ်ပါလာတတ်တယ်။ အမေရိကန်မှာ လူနှစ်သန်းလောက် သည်းခြေ နှင့် ဆိုင်တဲ့ ရောဂါရှိတယ်ဆိုပါတယ်။ အူလမ်းကြောင်း လှုပ်ရှားမှုနည်းတဲ့သူ၊ဝမ်းချုပ်တတ်တဲ့သူတွေမှာ သည်းခြေအိတ်ကျောက်တည်တတ်တယ်။

အဝလွန်တဲ့သူ၊ ကိုယ်အလေးချိန်မြန်မြန်ချထားတဲ့သူ၊ ဝမ်းချုပ်တတ်သူ၊ အဆီများတဲ့ အစာကိုစားသူ၊ သကြားအစားများတဲ့သူ၊ အရွက်စားတာနည်းတဲ့သူ နှင့် မျိုးရိုးရှိတဲ့သူတွေမှာ အသည်း နှင့် သည်းခြေအိတ် ဆိုင်ရာရောဂါတွေ ရှိတတ်တယ်။ အသည်း နှင့် သည်းခြေအိတ်မကောင်းလျှင် အစာခြေစနစ် ပြသနာဖြစ်လာပြီး အူလမ်းကြောင်း ယိုစိမ့်မှု ဆိုတဲ့ leaky gut syndrome ရတယ်။ အဆီတွေလည်း ကြေညက်ဖို့ ခက်တယ်။ အရေပြား နှင့် အာရုံကြောရောဂါတွေလည်း ရတတ်တယ်။

တရုတ်ဆေးပညာမှာတော့ အသည်း နှင့် သည်းခြေအိတ်က ဒေါသ နှင့် ခွင့်မလွှတ်နိုင်တဲ့ စိတ်ပေါ်မူတည်တယ်ဆိုပါတယ်။  ဒါကြောင့် ခွင့်လွှတ်နိုင်ဖို့ ကြိုးစားရမည်ဆိုပါတယ်။ တရုတ်ဆေးပညာမှာ အသည်း နှင့် သည်းခြေအိတ်က သစ်သား နှင့် ဆိုင်တယ်။ ရာသီအားဖြင့် နွေဦး နှင့် ဆိုင်ပါတယ်။ နွေဦးမှာ အရွက်တွေ ကြီးထွားကြတယ်၊ ပန်းတွေပွင့်တယ်၊ အပင်တွေမှာ ပုရစ်ဖူးလေးတွေ ထွက်တယ်။ ဒါကြောင့် အစိမ်းရောင်ရှိတဲ့ အသီးတွေက အသည်း နှင့် သည်းခြေအိတ် အတွက်ကောင်းတယ်ဆိုပါတယ်။ ပန်းစိမ်း၊ကန်စွန်းရွက်လို အစိမ်းရောင်ရှိတဲ့ အရွက်တွေ၊ ပန်းသီးစိမ်းလို အစိမ်းရောင်ရှိတဲ့ အသီးတွေ၊ သခွားသီး၊ တရုတ်နံနံ နှင့် မြက်ဂျုံနုလို အစိမ်းရောင်ရှိတဲ့ ဖျော်ရည်တွေက အကျိုးရှိတယ်ဆိုပါတယ်။

အဆီများတဲ့ အစာတွေကို ရှောင်ရပါမည်။ သကြားလည်း အသည်းကို ဒုက္ခပေးလို့ ရှောင်ရပါမည်။ ပြုပြင်ထားတဲ့ အစားအစာတွေက ကျန်းမာရေးမကောင်းတဲ့ အသည်းအတွက် ဝန်ပိစေလို့ ရှောင်ပါ။

ကောင်းမွန်တဲ့ တိရစ္ဆာန်ကရတဲ့ ပရိုတိန်းတွေ၊ အချဉ်ဓာတ်ရှိတဲ့ အစားအစာတွေ၊ ကီဖာ နှင့် ကင်ချီလို probiotics များတဲ့ အစာတွေ စားပေးရပါမည်။ တစ်ရက် အမျှင်ဓာတ် ၃၀-၄၀ ဂရမ်လောက်စားပေးပါ။ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေက အဟာရနှင့် အင်ဇိုင်းတွေပါလို့ toxic gut အတွက်ကောင်းပါတယ်။ Beets, artichokes နှင့် dandelion တွေက သည်းခြေရည် စီးဆင်းမှုကို ကောင်းစေပါတယ်။ ပန်းသီးရှာလကာရည် နှင့် chamomile ဖျော်ရည်တွေက toxic gut အတွက်ကောင်းပါတယ်။

အစာစားတဲ့ အခါ အစာခြေ အင်ဇိုင်း၊ ox bile နှင့် live probiotics တွေလည်း သောက်ဖို့ လိုပါတယ်။အသည်းကို သန့်စင်ဖို့ milk thistle (150 mg) ကို တစ်နေ့ နှစ်ကြိမ်လောက်သောက်ပေးလို့ရတယ်လို့ ရေးပါတယ်။ အစိမ်းရောင်ရှိတဲ့ ဂျုံမြက်နု နှင့် chlorella က အသည်းအတွက် ကောင်းတယ်ဆိုပါတယ်။

ဒေါသ နှင့် ခွင့်မလွှတ်ခြင်း က toxic gut ကို  ဖြစ်စေတတ်လို့ ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ တရားစာတွေ ဖတ်ပါ။ ဆရာတော် ဦးဇောတိကရေးတဲ့ ခွင့်လွှတ်ခြင်း ဆိုတဲ့ စာအုပ်မျိုးကို  ဖတ်ဖို့ အကြံပေးပါတယ်။ အကောင်းဆုံးက တရားထိုင်ပါ။ ဆုတောင်းပါ။ ခွင့်လွှတ်ပါတယ် ပြောဖို့ ကြိုးစားကြည့်ပါ။

Dr. Phyo Maung 

References – Eat Dirt: Why Leaky Gut May Be the Root Cause of Your Health Problems and 5 Surprising Steps to Cure It  by Dr. Josh Axe 

One thought on “Dr. Axe ပြောပြတဲ့ အူလမ်းကြောင်း အမျိုးမျိုး”

  1. အိလက်ရှိအဲလိုတွေခံစားနေရတယ်အမ အမပေးတဲ့ဆေးနည်းနဲ့ကုကြည့်ပါ့မယ် အနေအထိုင်အစားအသောက်ဆင်ခြင်နေထိုင်နေပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Pin It on Pinterest